Monday, May 12, 2008

ပြောကြပါရှင်

“ သမီးကြီးရေ….. အငယ်လေးကိုခေါ်ခဲ့တော့ဟေ့…. မိုးချုပ်တော့မယ်… ” ဆိုတဲ့
မေမေ့ရဲ့ အော်သံကြားလိုက်ပြီး နောက်မှာပဲ အနားရောက်လာတဲ့ မမနှင့်အတူ
အိမ်ဖက်ကို သမီးပြန်လိုက်ခဲ့ပါတယ်…။ အိမ်လို့ သူများတွေခေါ်သလိုသာ ခေါ်ရပေမဲ့
တကယ်တော့ လယ်စောင့်တဲ သာသာရယ်ပါ။
ဖေဖေက ငါးဖမ်းတယ်၊ မေမေက ဖေဖေဖမ်းလာတဲ့ ငါးတွေကိုရွာထဲလှည့်ရောင်းရတယ်။
မမလား… ၁၀နှစ်ကျော်ပြီ… ကျောင်းမနေရပါဘူး၊ နေ့ခင်းဆို သမီးရယ် မမရယ်ပဲ အိမ်မှာရှိတာ။
မမက သမီးကိုထိမ်းရတာပေါ့။ သမီးက တစ်နေကုန် အိမ်ဘေးနားက သူငယ်ချင်းတွေနဲ့ ငါးရောင်းတမ်းဆော့နေတာ။ အိမ်ရှေ့ရောက်တော့ အင်တုံအိုးခြမ်းကွဲထဲက မြစ်ရေတွေနဲ့ 
မမက သမီးခြေထောက်မှာ ပေနေတဲ့ ရွှံ့တွေကိုဆေးပေးတယ်လေ။
“ သမီးကြီး… အဲဒီမှာရှိတဲ့ ထမင်းကို ညီမလေးကျွေးရင်း…ညည်းပါစားလိုက်နော်…
မေမေတော့ ....ဖေဖေကိုစောင့် လိုက်ဦးမယ်……” ဟု မေမေပြောအပြီး...
မိုးကမှောင်လာနေပြီ.. ဖယောင်းတိုင်မီးလေးကလဲ လှုပ်လှုပ်…လှုပ်လှုပ်.. နဲ့ ဆိုတော့ 
ခဏလဲကြာရော သမီးလဲအိပ်ချင်လာရောပေါ့ ။ ဖေဖေပြန်မရောက်သေးပေမယ့်
မေမေရေ…သမီးအိပ်ချင်ပြီ ဆိုပြီး ဝါးကြမ်းခင်းလေးမှာပဲ လှဲအိပ်လိုက်ပါတော့တယ်။
ဒိပြင်နေရာ ရှာစရာမရှိတဲ့ သမီးတို့ အိပ်ရာပါ။
မေမေက သမီးဘေးမှာဝင်လှဲလို့ တင်ပါးလေးကို ပုတ်ပြီးသိပ်ပါတယ်။
ဖေဖေရဲ့ပုဆိုးအဟောင်းလေးကိုဆွဲပြီး သမီးတို့ ကိုနွေးအောင်ခြုံပေးရှာပေမဲ့ ဝါးကြမ်းကြားက
လေအေးတွေက တစ်ဝူးဝူးနဲ့ပေါ့ ။
အဲဒီလိုနဲ့ …….. “ သမီးကြီး… ချီ..ချီ….ညီမလေးကို...ချီ ....လွတ်မကျစေနဲ့ … ဦးလွန်းတို့ အိမ်ရောက်အောင်သွား ” ဆိုတဲ့ မေမေရဲ့အသံနဲ့ အေးမြတဲ့ မိုးရေအထိအတွေ့ကြောင့်
သမီးလန့်ဖြန့် အနိုးမှာ လေတွေက အရမ်းတိုက်လို့ပေါ့ ..။
မှောင်နဲ့ မဲမဲမှာ မမကသမီးကိုချီပြီး လေထဲမိုးထဲကနေ အိမ်ကြီးရခိုင်နဲ့ ဦးလွန်းတို့ အိမ်ပေါ်
ရောက်တော့ ဘေးအိမ်က ပူစူးတို့လဲရောက်နေကြတာ တွေ့လိုက်ရတယ်။
“ မမ… မေမေရော ”…. “ လာလိမ့်မယ်ညီမလေး… လိုက်လာလိမ့်မယ် ”….. တဲ့ ။
လေနဲ့မိုး ကွယ်တဲ့နေရာလေးမှာ အားလုံးစုထိုင်ရင်း တစ်ဝူးဝူးတိုက်နေတဲ့ လေတွေရယ်
တစ်ဝုန်းဝုန်းရွာနေတဲ့ မိုးသံတွေရဲ့ကြားမှာ မေမေ့ ကိုမျှော်နေမိတယ်....
ကြောက်လည်းကြောက် နေတယ်လေ.။
ဖေဖေ …. ဖေဖေရော … ညကသမီးအိပ်ချိန်အထိ ပြန်မှမလာသေးတာ.. ။
တစ်ဖြေးဖြေးနဲ့ …. မေမေကိုစောင့်ရင်း.. ဖေဖေကိုမျှော်ရင်း… မိုးသံလေသံတွေလျော့ပါးသွားတဲ့
အချိန်မှာ…. အလင်းရောင်လေး တောင်မြင်နေရပြီလေ….။ မိုးမပက်တော့တဲ့အချိန် အားလုံးအိမ်ပြန်ဖို့လဲပြင်ရော… ဦးလွန်းရဲ့အိမ်အောက်မှာရေတွေနဲ့ လေ…..
သမီးတို့ဆင်းလို့မရတော့ဘူး.. အဲဒီတော့ ပြတင်းပေါက်ကနေ.. မမကိုချီခိုင်းပြီး ကြည့်ခိုင်းတော့
ဟင်…. ဘယ်မှာလဲသမီးတို့ အိမ်လေးတွေ…. ပူစူးတို့ အိမ်ရော……. ဟာ.. ရေပြင်ကြီး……… အိမ်တွေမရှိတော့ဘူး…. အိမ်တွေဘာမှမရှိတော့ဘူး….. ရေပြင်ထဲမှာပြိုကျနေကြပြီ..
မေမေရော…. မမ .. မေမေရောလို့ …မေမေဘယ်ရောက်သွားလဲ….. Photobucket

မေမေ မလာသေးဘူးလား…… ဖေဖေရော…………. မပြန်လာသေးဘူးလား…
ဖေဖေရော…. မမ….. ဖေဖေတို့ .. မေမေတို့  ဘယ်မှာလဲ….
ပြောလေ... မမ.. ဖေဖေတို့ မေမေတို့ ရောလို့ ….
ပြောလေ……..
မမ ......ပြော ………
ပြော...............။


(ကုသိုလ်ကံနည်းစွာ..အဖြစ်ဆိုးကြရသော…ကျန်ရစ်သူ မိဘမဲ့ ကလေးငယ်များသို့ )
post by Avatar 10.5.08(00:25)Sat

0 comments: